Friday, December 25, 2009

*Happy Christmas to u*

Happy Christmas to u


ခရစ္စမတ်ဆိုသည်မှာ

ခရစ်ယာန်တို့၏ နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ရပ် ဖြစ်သည်။ မိမိတို့ကိုအပြစ်မှ ရွေးနှုတ်တော်မူသော ကယ်တင်ပိုင်ရှင် ခရစ်တော်ယေရှု၏ ဖွားမြင်ခြင်းကို အောက်မေ့သတိရလျှက် ကျင်းပခြင်းဖြစ်သည်။ ကျင်းပရာတွင် မွေးနေ့တော်နှင့်ဆိုင်သော ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ နိပတ်တော်ပြသခြင်း၊ ကျွေးမွေးဧည့်ဝတ်အထူးပြုခြင်း၊ မေတ္တာနှင့်လက်ဆောင်ပေးခြင်းများ ပြုကြသည်။ ရပ်ဝေးရပ်နီး အသိမိတ်ဆွေသင်္ဂဟတို့ထံ ခရစ္စမတ်ကဒ်များပို့လျှက် ဆုမွန်ကောင်းတောင်းကာ သတိရ နှုတ်ဆက်ကြသည်။ မိမိတို့အိမ်များတွင်လည်း အလှတန်ဆာများဆင်လျှက် မီးများထွန်းညှိကာ ပျော်ရွှင် ဖွယ်ရာဖြစ်အောင်ပြင်ဆင်ကြသည်။

ခရစ္စမတ်အခါသမယသည် ခရစ်ယာန်တို့၏ မေတ္တာပြသည့် ထူးမြတ်သော အခါသမယဖြစ်သည်။ မိမိတို့ ကိုးကွယ်ယုံကြည်သော ထာဝရဘုရားသခင်၏ ကြီးမားသောမေတ္တာတော်အတွက် ကျေးဇူးတင်လျှက်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာပြသောအချိန်အခါဖြစ်ပါသည်။

ဘုရားရှင်၏ကြီးမားသောမေတ္တာဟူသည်မှာ၊ ဘုရားရှင်သည် မိမိဖန်ဆင်းသော လူသားများတို့ နေ့စဉ်နှင့် အမျှ အပြစ်များ ပြုနေကြသည့်အတွက် အပြစ်စီရင်ခြင်းခံရမည်ကို သိမြင်တော်မူသည်။ မိမိဖန်ဆင်းသော လူသားများ အပြစ်ငရဲသို့ကျ၍ ပျက်စီးသွားမည်ကို မေတ္တာတော်ရှင် ဘုရားသခင်သည် မလိုလားပေ။ ထို့ကြောင့် မိမိ၏တစ်ပါးတည်းသော သားတော်ကို လူ့ဇာတိကို ခံယူရန်စေလွှတ်ပြီး လူတို့အား အပြစ်မှ ကယ်နှုတ်ခဲ့သည်။ သားတော်သည် လူ့ဇာတိကို ခံယူလျှက် လောကအပြစ်သား အားလုံးကိုယ်စား အသွေးသွန်း အသက်စွန့်ခြင်းဖြင့် အပြစ်ငရဲမှ လွတ်မြောက်စေတော်မူသည်။

သခင်ယေရှုခရစ်သည် မိမိကိုအပြစ်မှ ကယ်တင်သော အရှင်ဖြစ်သည်ဟု ယုံကြည်လက်ခံသူတိုင်း အပြစ်ငရဲကျ၍ ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရမည့်အကြောင်း ထူးမြတ်သည့် ကယ်တင်ခြင်း ကျေးဇူးတော်ကို ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခရစ်တော်ယေရှုသည် လူ့ဇာတိအဖြစ်ခံယူခြင်း၊ လူသားအဖြစ် မွေးဖွားခြင်းကို ခံယူတော်မူ ခဲ့ခြင်းနှင့် လောကသို့ကြွလာသော သခင်ယေရှု၏ဖွားမြင်ခြင်းကို အောက်မေ့သတိရလျှက် ကျင်းပသည့် ပွဲတော်သည် ခရစ္စမတ်ပွဲတော်ပင်ဖြစ်ပါသည်။

Merry Christmas and Happy New Year



လူမျိုးအပေါင်းတို့အတွက် ခရစ္စမတ်အရှင်

နိဒါန်း

"...မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန် ဆို၏။ ( မဿဲ ၁း၂၁)"

ဤကျမ်းပိုဒ်ကို ဖေါ်ပြရွက်ဆိုလိုက်သည်နှင့် ယုံကြည်သူအားလုံး၏ စိတ်တွင် အလိုလို မြင်ယောင်မျက် မှန်းတမ်းမိနေသည်မှာကား " ဤအချိန်ကာလသည် ခရစ္စမတ်" အချိန်ကာလ ရောက်သည်ဆိုသည့် အသိတို့ပင်ဖြစ်သည်။ ခရစ္စမတ် ကို ကမ္ဘာနှင့်အ၀ှမ်းက နှုတ်တွင် ရေပန်းစားနေသည်မှာ မထူးဆန်းလှ သော်လည်း အသုံးပြုပုံများမှာကား ဆန်းပြားနေသည့်အလျှောက် အကျိုးရလာဒ်များကလည်း ကွဲပြား ခြားနားနေလေသည်။ Christmas Box, Christmas Tree, Christimas Celebration, နှင့် Christmas Carol , Christimas Discount, Holy day စသည် စသည်ဖြင့်စီးပွားရေးအတွက်သော် လည်းကောင်း၊ အပျော်အပါးအတွက်သော်လည်းကောင်း၊ ဘာသာရေး၊ လူမျိုးရေး စသော အကြောင်းပြ ချက်များစွာဖြင့် အသုံးပြုပုံခြင်း မတူညီသည့်နည်းတူ ခရစ်တော်အား ယုံကြည်လက်ခံထားကြေသော ယုံကြည်သူအချင်း ချင်းကြားမှာပင် ခရစ္စမတ်သည် ၀တ်ကောင်းစားလှ ၀တ်သည့်ပွဲအနေဖြင့် ရှုမြင်တတ်သူများကလည်း ရှိသေးပေသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိသည်ဆိုသော်ငြားလည်း ခရစ္စမတ်ကိုကား ထိုဓလေ့ထုံး တမ်းစဉ်လားများနှင့် အတူ ဆင်နွဲရန်ကား လုံးဝသင့်လျှော် မှန်ကန်ခြင်းမရှိပါလေ။ အကြောင်းမှာ ထိုအသုံးပြုပုံသည် မှန်ကန်သင့်မြတ်လျှော်ကန်ပါက သခင့်ဘုရား၏ ဘုန်းတော်ထင်ရှားစေနိုင်သလို၊ အကယ်၍ သင့်မြတ်လျှော်ကန် ဘုရားပေးထားသော လမ်းစဉ်ဖြင့် မဟုတ်ပါက ရောက်လတံသော အကျိုးတရားတို့သည်ကား သခင့်ဘုန်းလည်း မထွန်းလင်း၊ လောကသားတို့အတွက်လည်း အကျိုးမရှိ အဆုံးတွင် ဘုန်းတော်ညှိုးနွမ်းစရာပင်ဖြစ်လေသောကြောင့်ပင်ဖြစ်သည်။

၁။ ခရစ္စမတ် အဓိပ္ပါယ်။

ခရစ်တော်ဘုရား၏ လူ့ဇာတိ ခံယူခြင်းနှင့် တဖန်ကြွတော်မူလာမည့်အချိန်ကာလကို စောင့်မျှော်ရင်း ကနဦး ယုံကြည်သူများက မိမိတို့၏ စစ်မှန်၍မွန်မြတ်လှသော ယုံကြည်ခြင်းတရားတော်အတွက် ညှင်းပန်းနှိုပ်စက်ခြင်း၊ သတ်ဖြတ်မှုများအကြားမှာ တဦးနှင့် တဦး သာတိုး၍ ခိုင်ခန့်စေရေးအတွက် လေးရာစုတွင် စတင်ခဲ့ကြကြောင်းကို သမိုင်းဆရာတို့က မှတ်တမ်းတင်ခဲ့ကြလေသည်။ ယနေ့ ကျွန်ုပ်တို့ အသုံးပြုနေကြသော ခရစ္စမတ်ကတ်ကိုမူကား ဟင်နရီကိုလ်က ၁၈၄၃ ခုနှစ်တွင် စတင်တီထွင်ကာ ပုံနှိပ် အသုံးပြုခဲ့ကြောင်း သိရလေသည်။

အမှန်ဧကန်စင်စစ်မှာကား ခရစ္စမတ်အဓိပ္ပါယ်မှာကား "ဘုရားနှင့် လူပေါင်းစည်းခြင်း" ပင်ဖြစ်သည်၊ Christ+Mass= Christmas ဟူ၍ဖြစ်လာခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည် နှုတ်ကပါတ်တော် သမ္မာကျမ်းစာက " ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤလောကသို့ ကြွလာ တော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏၊ အကြွင်းမဲ့ ခံယူအပ်သော စကားလည်း ဖြစ်၏ " ဟူ၍ဆိုထားလေသည်။ ( ၁ တိ ၁း၁၅) ထို့ကြောင့် "လူနှင့် ဘုရား ပေါင်းစည်းခြင်း"ကို ခရစ္စမတ် ဟူ၍ ခေါ်ဆိုသောကြောင့်၊ ဧကန်စင်စစ် လောကတစ်ခုလုံးအတွက် အကျွတ်တရားလမ်းအတွက် ၀မ်းမြောက် ဖွယ်ရာ သီတင်းကောင်း တရားကြားပြောရာ အချိန်ကာလပင် ဖြစ်လေသည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံတိုင်းလိုလိုတွင် ဘာသာရေး ပွဲလမ်းသဘင်များဖြင့် ကျင်းပဆင်နွှဲခွင့်ပြုထားလေသည်။ သို့ပါလျှက် ကျွန်ုပ်တို့မည်သို့ မည်ပုံ ထို ရက်မြတ်မင်္ဂလာ ခရစ္စမတ်အရှင်ကို ကြိုဆိုသည် ဆိုသည်မှာ လွန်စွာ သတိ ချပ်သင့်လှပေသည်။ ထို့ကြောင် ခရစ္စမတ် အရှင်ယေရှုခရစ်တော်ကို ကြိုဆိုကြသော လူပုဂ္ဂိုလ်များ အကြောင်းနှင့် အကျိုးရလာဒ်များကို အတူတကွ ဆင်ခြင်လိုပါသည်။

၂။ ခရစ္စမတ်အရှင်ကို စစ်မှန်စွာကြိုဆိုခြင်း။

သမ္မာကျမ်းစာတော်မြတ်တွင် ခရစ္စမတ်အရှင်ကို စစ်မှန်စွာ ကြိုဆိုသူများသည် မိမိတို့၏ အသက်တာတွင် လည်း "ဘုရားနှင့်လူ ပေါင်းစည်းခြင်း" ဆုသော ကောင်းကြီးမင်္ဂလာကို လက်တွေ့လည်းခံစားရ၍ မင်္ဂလာ ရှိသော ဘ၀ကို ပိုင်ဆိုင်ရသည်သာမက၊ သူတို့မှီတင်းနေထိုင်ရာရှိ လူအပေါင်းအတွက်လည်း မင်္ဂလာ အပေါင်းကို ခညောင်းစေသော သူများဖြစ်ခဲ့ကြရလေသည်။

က။ သိုးထိန်းများ ( လုကာ ၂း၈-၂၀)။

သိုးထိန်းများသည် ကောင်းကင်တမန်များထံမှ လောကသားအားလုံးတို့အတွက် " ၀မ်းမြောက်ဘွယ်ရာ သီတင်းစကား" ကိုကြားနာရကြပြီးနောက်တွင်၊ သွားရောက်ဖူးမျော်တွင် လောက၏ ကယ်ချွတ်အရှင် ခရစ်တော်ဘုရားအား ဒိဌကိုယ်တွေ့ ဖူးတွေ့၊ ဖူးမျှော်ကြရပြီး မိမိတို့အသက်တာတွင် မွန်မြတ်လှသော ဘုရားရတနာကို ပိုင်ဆိုင်ချိန်တွင်၊ အခြားတပါးသောသူများအားလည်း ထိုမင်္ဂလာသီတင်းတရားနှင့် သီတင်းကောင်းအရှင် ယေရှုခရစ်တော်ဘုရားမြတ်အကြောင်းကို ကြားပြောခဲ့ကြလေသည်။ လူသည် ဆင်းရဲချမ်းသာ၊ အလွှာခွဲခြားတတ်ကြသော်လည်း ရခဲလှသော လူ့ဘ၀တွင် မြတ်ဘုရားက အဆင့်၊ အလွှာခွဲခြားတော်မမူပဲ "လူတိုင်းဘုရားနှင့်ပေါင်းစည်းခြင်း" ဆိုသောအခွင့်ထူးကို ခံစားနိုင်ကြောင်းနှင် ထိုအကျွတ်တရားလမ်းအရှင်ကို ကိုယ်တွေ့ခံစားကြရသော သိုးထိန်းတို့က စစ်မှန်သော ခရစ္စမတ်အရှင် ကို စစ်မှန်သောကြိုဆိုခြင်းဖြင့် ဆင်နွှဲခဲ့ခြင်းဖြင့် မင်္ဂလာရှိသောသူများအဖြစ် သက်သေဖြစ်ခဲ့ကြလေ သည်။

ခ။ ပညာရှိများ ( မဿဲ ၂း၁-၁၂)။

တဘောင့်စကားတို့နှင့်အညီ အကျွတ်တရားလမ်း၏အရှင် ပေါ်ထွက်လာမည့်အကြောင်းကို သိရှိသည့် အတိုင်း မျှော်လင့်စောင့်စားနေကြသောပညာရှိတို့သည် စစ်မှန်သော ကယ်ချွတ်ရှင်ကြွလာသည်ကို အချိန်ကာလကို ထောက်မသည့် ကြယ်ပေါ်ထွန်းတော်မူသောအခါတွင်၊ မိမိတို့၏ အသက်အရွယ်၊ အိုးအိမ်စည်းစိမ်၊ ခရီးအဝေးကိုပင် ငဲ့ကွက်ခြင်းမရှိကြပဲ ကယ်ချွတ်အရှင်အား ဖူးတွေ့၊ ဖူးမျှော်ရန်အရေး အရာရာကို စွန့်ကာ "လူနှင့်ဘုရားပေါင်းစည်းရေး"အတွက် ယေရှုခရစ်တော်ဘုရားကို ဖူးမျှော်ရန် ခရီး ထွက်ခွါလာကြသည့်အတိုင်း ။ လူတိုင်းနှင့် ဝေးတော်မမူသော အရှင်ကို မယ်တော်နှင့်တကွ တွေ့၍ "ဦးတိုက်ဖူးမျှော်ရခြင်း" အခွင့်ထူးကိုရသွားကြကာ မိမိတို့၏ ဓလေ့အကျင့်ဟောင်းလမ်းစဉ်တို့တွင် ထပ်မံ ကျဉ်လည်ခြင်းမပြုရန် ဘုရားရှင်အထံတော်မှ နှုတ်တော်ထွက်စကားတော် ရတော်မူသည့်အတိုင်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် "လူနှင့်ဘုရားပေါင်းစည်းခြင်း" တည်းဟူသော ကောင်းကြီးမင်္ဂလာ ဘ၀ အသက်တာသစ်ဖြင့် ခရစ္စမတ်အရှင်ကို စစ်မှန်သော ခရစ္စမတ်ကြိုဆိုခြင်းဖြင့် ခရစ္စမတ် အဓိပ္ပါယ်စစ်ကို ဖေါ်ထုတ်ပြသခဲ့လေသည်မှာ ယနေ့ ကျွန်ုပ်တို့အတွက် စံပြုစရာပင်ဖြစ်လေသည်။

၃။ ခရစ္စမတ်အရှင်ကို မှားယွင်းသောကြိုဆိုခြင်း ( မဿဲ ၂း၁-၁၈)။

ဘုရားနှင့် လူသည် ခွဲခြားခွဲခွါနေ၍ မသင့်လျှော်ပါပေ။ အကယ်၍ သီးခြားဖြစ်တည်နေပါက ထိုသူသည် အိပ်၊ စား၊ မေထုန်၊ ကာမဂုဏ် တည်းဟူသော အဆင့်တွင်သာရှိသည့် တိရိစ္ဆာန်နှင့် မခြားနား အတူတူ ပင်ဖြစ်ပေလိမ့်မည်ဖြစ်သောကြောင့် ပခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်သော်လည်း လူစင်စစ်ကား မမည်ဟူ ၍ လူကြီးသူမတို့ထံမှ စာရေးသူကြားနာခံယူခဲ့သည့်နည်းတူ၊ နှုတ်ကပါတ်တော်မြတ်ကလည်း "မြည်း၊ နွား" တို့သည် သူတို့အရှင်နှင့် စားသောနေရာကို သိသော်လည်း ငါ၏လူတို့မူကား ထိုတိရိစ္ဆာန်များ လောက်ပင် မသိတတ်ဟူ၍ ( ဟေရှာ ၁း၃) တွင်ဆိုထားလေသည်ပင်။ ထိုသို့သော သူတို့၏ အသက် တာတွင် ခရစ္စမတ်အရှင်ကို မှားယွင်းစွာ မည်သို့ကြိုဆို၍၊ မည်သို့ အကျိုးမျိုးးကိုပေးခဲ့သည်ကိုကား ....

က။ စိတ်ပူပန်ခြင်း။

"လူနှင့်ဘုရားပေါင်းစည်းရေး" အတွက် အဘယ့်ကြောင့် စိုးရိမ်ပူပန်ရပါသနည်း။ ခရစ္စမတ်အချိန်တွင် လူ့ဇာတိခံယူလာသော ခရစ္စမတ်အရှင်သည် လူသားတို့အတွက် "၀မ်းမြောက်ဖွယ်ရာ အကျွတ်တရား သီတင်း" ကိုယူဆောင်လာသည်ဖြစ်လျှက် ဟေရုဒ်ဘုရင်အတွက်မူကား ၀မ်းမြောက်စရာမဖြစ်ခဲ့ပါ၊ အကြောင်းမှာကား ထို"မြတ်ဘုရားရှေ့တွင် ဦးညွတ်ဝင်ရမည့်အရေး" ကို ဟေရုဒ်အတွက် မဟာ့မဟာ ဒုက္ခကြီးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ "ဤဇမ္ဗူတွင် ငါ့လို့လူမရှိ" ဟူသော စိတ်ကြီးဝင် ရောဂါဆိုး ကြောင့်ပင်ဖြစ်ပေသည်။

ခ။ ပြင်းစွာအမျက်ထွက်ခြင်း။

"အမှန်တရားဟူသည် ဖုံးကွယ်၍မရ" ဆိုသည်ကို ဟေရုဒ်သည် သိသော်လည်း။ မိမိ၏ အဖြစ်မှန်ကို ဖုံးဖိလိုသောကြောင့် လုံလပြုအားထုတ်သော်လည်း မရသည့်အဆုံး ပြင်းစွာအမျက်ထွက်ရလေတော့ သည်။ ထို့ကြောင့်လည်း ရခဲလှသော လူ့ဘ၀ကို "ဘုရားဖက်တော့ အသက်ရှည်" ဆိုသော စကားကို သိပင်သိငြားသော်လည်း ဒေါသရှေ့ထား၍ ဘုရားမဖက်ပဲ အမှားတွေထပ်ဆင့်ကာ ဘ၀တွင် ဒေါသရှေ့ ထား၍ အမှားကြီးမှားခဲ့သူထဲတွင် ဟေရုဒ်သည် တဦးအပါအ၀င်ဖြစ်ခဲ့ရလေတော့သည်။

ဂ။ အသက်ကိုသတ်ခြင်း။

"ဘုရားမဖက်သဖြင့် အမှားတွေဆင့်နေသော" ဟေရုဒ်သည် နောက်ဆုံးအဆင့်တွင်၊ ခရစ္စမတ်အရှင်အား ကောင်းစွာကြိုဆိုမည့်အစား၊ ခရစ္စမတ်အရှင်မွေးသည့်နေ့ကိုပင် တွက်ချက်၍ နှစ်နှစ်နှင့် နှစ်နှစ်အောက် ယုတ်သော ကလေးသူငယ်များကို သတ်ဖြတ်ရန် မိမိ၏၊ စည်းစိမ်၊ အခွင့်အာဏာ၊ အရာရာတို့ကို ဘ၀ တွင် ဘုရားအတွက်၊ အများအတွက် ကျိုးစားမည်ဆိုသော အတွေးအခေါ်များမှ လွဲဖယ်ကာ မကောင်း သော အသက်သတ်ခြင်းတို့ကိုကြိုးစားအားထုတ်ခဲ့လေတော့သည်။ ဤကား ".... သတ်သောသူ မည်သည်ကား ဘုရားဝတ်ကိုငါပြုပြီဟု မိမိထင်မှတ်သော အချိန်ကာလရောက်လိမ့်မည်"( ယော ၁၆း၂)။ ဆိုသည့်အတိုင်း အကျွတ်တရားတို့၏ အရှင်၊ ခရစ္စမတ်အရှင်ကို မျှော်ကိုးစောင့်စားနေသည့် ဘာသာရေး ၌ ကျင်လည်နေသည့် လူသားတစ်ဦးပင်ဖြစ်သော်ငြားလည်း အတ္တတရားတို့၏ ကြီးစိုးခြင်းလောင်းရိပ် အောက်တွင် လူဖြစ်ကျိုးနပ်စေမည့် "ခရစ္စမတ်အရှင်"ကို မှားယွင်းစွာကြိုဆိုခဲ့လေသည်။

အကျိုးဆက်သည်ကား သူ၏ဘ၀သမိုင်းတစ်လျှောက်လုံးတွင် လူဖြစ်ကျိုးမနပ်ခဲ့ရသည့်နည်းတူ။ "အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့....သို့ရာတွင် ထိုအမှုအလုံးစုံတို့ကို ဘုရားသခင် သည် စစ်ကြော၍ သင့်ကိုအပြစ်ပေးတော်မူမည်ဟုအောက်မေ့လော့" ( ဒေသနာ ၁၁း၉) ဆိုသော လူမျိုးတကာတို့၏ အရှင်၏ သတိပေးစကားကို လျှစ်လျှူရှု့ပြီင်္း ရင်ဆိုင် ဖြတ်သန်းခဲ့ရာဘ၀အရေးတွင် မလှမပဖြင့် အဆုံးသတ် အနိစ္စရောက်ခဲ့လေတော့သည်။

နိဂုံး

"ဘုရားနှင့်လူပေါင်းစည်းစေသော ခရစ္စမတ်" အချိန်ကာလတွင် အချို့က အလေးအမြတ်ထားးကာ ထိုခရစ္စမတ်အရှင်ကို ကြိုဆိုခဲ့သောကြောင့် သူတပါးတို့အားလည်း ထပ်တူခံစားစေ၍ အကျွတ်တရား လမ်းအရှင် ခရစ်တော်ဘုရားထံ အရောက်ပို့ဆောင်ပေးခဲ့ကြလေသည်။ အချို့တို့မူကား မိမိကိုယ်၌က ခရစ္စမတ်အရှင်ကို လက်ခံကြိုဆိုလိုခြင်းမရှိသည့်နည်းတူသာမက သူတပါးအားလည်း လက်ခံကြိုဆိုခြင်း မပြုရန်တားဆီးခြင်းအမှုကိုပြုကြလေသည်။ အကြောင်းမှာ ခရစ္စမတ်အချိန်ကာလတွင် ခရစ္စမတ်အရှင် အား စိတ်နှလုံးမာန်လျှော့ချကာ ဦးတိုက်ကြည်ညို ဖူးမျှော်ခြင်းဖြင့် မိမိတို့၏ ဘ၀ကို ဆင်ခြင်အောက်မေ့ ရင်း စစ်မှန်စွာကြိုဆိုမည်ဆိုပါက Annodomini= ငါတို့ သခင်ယေရှုခရစ်၏နေ့ဟူသော သမိုင်းဝင် A.D ၂၀၀၉ ဒီဇင်္ဘာခရစ္စမတ်အချိန်အခါသမယသည် " အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏" ( ၁ ရာ ၁၅း၂၂) ဆိုသောစကားအတိုင်း "ဘုရားနှင့် လူအမှန်ပေါင်းစည်ခြင်း" တည်းဟူသော ခရစ္စမတ်အချိန်အခါတွင် ခရစ္စမတ်အရှင်အား စစ်မှန်သောကြိုဆိုခြင်းဖြင့် လောက၏ အလင်းအဖြစ် အသက်ရှင်ကြပါစို့ဟု ဆန္ဒပြုလျှက်-

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်
ပို့ထားပေးတဲ့မေလ်းလေးတစ်ခုပါ.....

0 comments: